SNLD ပါတီ (၂၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား

SNLD ပါတီ (၂၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျရောက်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဖွဲ့စည်းတည်ထောင်သည့် (၂၈)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ Panda Hotel ၌ နံနက် ၉.၃၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ပါတီဥက္ကဋ္ဌကြီး ခွန်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံအား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးအတွက် မိမိတို့နိုင်ငံရေး ရည်မှန်းချက်အတိုင်း တစိုက်မတ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် SNLD ပါတီအနေဖြင့် အတတ်နိုင်ဆုံး ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် မဟာမိတ်မူဝါဒကို ဦးစားပေး အလေးထားသည့်အတွက် ပြည်ထောင်စုအရေးကို မိတ်ဆွေပါတီများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့ကာလတွင် လိုအပ်ချက်အရ မဟုတ်ဘဲ ဆင်နွှဲနေသည့် စစ်ပွဲများ ပေါ်ပေါက်နေသလို မဖြစ်မနေ ဆင်နွှဲရမည့် စစ်ပွဲများကိုလည်း အားပေးထောက်ခံသွားရမည် ဆိုတာကို တွေ့ရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ukhuntunoo

ဆက်လက်၍ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက မုဒိတာစကားများကို ပြောကြားခဲ့ကြရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နာယက ဗိုလ်ချုပ်ကြီးဆေထဲန်င်က နိုင်ငံတော်သစ်၊ စနစ်သစ်သို့ ချီတက်ရာ၌ ပြည်ထောင်စုအကျိုးကို ဖော်ဆောင်ပေးခြင်းမရှိသည့် စနစ်ဟောင်းမှ အတွေးအခေါ်များ၊ လုပ်ရပ်များ၊ အမူအကျင့်များကို အမြစ်မှဖယ်ရှားပြီး ပြည်ထောင်စုကြီးကို ခိုင်မာစွာတည်ထောင်နိုင်မည့် အတွေးအခေါ်သစ် အယူအဆသစ်များဖြင့် အစားထိုးသွားနိုင်မှသာ အောင်မြင်နိုင်မှာဖြစ်ကြောင်း ပါရှိသည်။ ရှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးစောဝင်းထွန်းက SNLD ပါတီအနေဖြင့် ရှမ်းနီအရေးကို မပစ်ပယ်ဘဲ ၁၉၉၃ အမျိုးသားညီလာခံတွင် တင်ပြဆွေးနွေးခဲ့သည်ကို ကျေးဇူးတင်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးကိုကိုကြီးက SNLD ပါတီအား မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ကို တစိုက်မတ်မတ် ကိုင်စွဲ၍ မယိမ်းမယိုင် ချီတက်နေသည့် တိုင်းရင်းသားပါတီကြီး တစ်ခုဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသည့်အတွက် စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သော ညောင်နှစ်ပင်ညီလာခံမှ ကျောခိုင်းထွက်ခွာခဲ့သည့် SNLD ၏ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ထိုနောက် မိတ်ဖက်အဖွဲ့အစည်းများမှ ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ သဝဏ်လွှာကို အရံဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့် ကလည်းကောင်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ သဝဏ်လွှာကို အဖွဲ့ဝင်ဖြစ်သော SSPP/SSA မှ ဗိုလ်ကြီးစိုင်းဘုန်းဟန် ကလည်းကောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာကို ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံ ကလည်းကောင်း၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ သဝဏ်လွွှာကို Kaw Tai ပညာရေးကျောင်း တည်ထောင်သူ နန်းစောအုံ မှလည်းကောင်း ဖတ်ကြားခဲ့ကြပါသည်။

ဆက်လက်၍ SNLD ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း (၂၈)နှစ်ပြည့် သဘောထားထုတ်ပြန်ကြေညာချက်အား SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ဖတ်ကြားခဲ့ပါသည်။ အခမ်းအနားကို နံနက် ၁၁ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်